Friday, March 16, 2012

အချစ်ရေ...ဗေဒင် မမေးနဲ့ ငွေကုန်တယ်

မိတ်ဆွေတို့အနေနဲ့ ကိုယ့်မှာ ချစ်သူ (အမှန်အကန် ရင်ခုန်သံ မြန်စေသူ)နဲ့ လက်တွဲကြပြီ ဆိုရင် ဗေဒင်ဆရာဆီ ပြေး၊ ဇာတာချင်း တိုက်ဆိုင်တာထက် ကိုယ့်နှလုံးသားကို ကိုယ်တိုင် ဇာတာဖွဲ့ပြီး စစ်ဆေး သင့်ပါတယ်လို့ အကြံပြုပါတယ်။

အဲသလို ခေါင်းစဉ် တပ်လိုက်တော့ ဥာဏ်ပူဇော်ခ ယူပြီး ဗေဒင်ဟောနေတဲ့ ကိုယ့်ဆရာတို့က မျက်စောင်းထိုး၊ ဓားကြိမ်း ကြိမ်းနိုင်ပါတယ်။ မင်းရော အာရကေ မယူဘဲ ဟောနေလို့လား၊ ရေခိုင်မှ နေနိုင်မှာကွ ဆိုပြီး တော့လည်း ပြန်ဘုတောနိုင်ပါတယ်။ ဟုတ်ပါရဲ့၊ ကျွန်တော်တောင် တခါတလေ မတောင်း ပေမယ့် ရလာတဲ့ ဗေဒင်ဟောခ ငွေတိုငွေစလေးတွေ စုပြီး သောက်ပစ်၊ လှူပစ် လုပ်လေ့ ရှိပါတယ်။

အတိတ်တခါတုန်းက ဗေဒင်မေးရင် ဥာဏ်ပူဇော်ခအဖြစ် ဆန်တစ်ပြည်ငွေတစ်မတ် သတ်မှတ်တယ်လို့ ကြားဖူးပါတယ်၊ အဲဒါကြောင့်လည်း ဗေဒင် မမေးနဲ့ ဆန်ကုန်တယ် ဆိုတဲ့ ရိုးရာစကားလေး နူတ်ဖျားစွဲ နေကြတာပါ။ အခုခေတ်မှာတော့ ဆန်တောင်းတဲ့ ဗေဒင်ဆရာ မတွေ့ဖူးပါဘူး။ ဥာဏ်ပူဇော်ခချည်း အုပ်တဲ့ ဗေဒင်ဆရာတွေပဲ ရှိပါတော့တယ်။ ထားပါတော့။ အခု ပြောချင်တဲ့ အကြောင်းအရာက တချို့ ဗေဒင် မေးသူတွေရဲ့ မေးခွန်း တွေဟာ ဗေဒင်ဆရာဆီ သွားစရာ မလိုဘဲ ကိုယ့်ဖာသာ ပြန်သုံးသပ်သင့်တဲ့ အကြောင်းပဲ ဖြစ်ပါတယ်။

(ကျွန်တော့်အတွေ့အကြုံအရ) အချစ်ရေးနဲ့ ပတ်သက်လို့ မေးတဲ့ ဗေဒင်မေးသူ တော်တော်များများ အထူးသဖြင့် ရည်းစားကို အဖြေပေးရုံမက ဘာညာပါ သာရကာ လှူပြီးလောက်တဲ့ ကောင်မလေးတွေ၊ ကောင်မကြီး (အဲလေ ရိုင်းပါတယ်) အပျိုကြီးတွေဟာ သူတို့ မောင်တော်တွေနဲ့ သူတို့နဲ့ ဇာတာချင်း ကိုက်ပါ့မလား၊ နေ့နံသင့်ပါ့မလားဆိုတာ ဗေဒင်မေးတာမျိုး မဟုတ်ဘဲ ထောက်ခံစာ တောင်းသလိုမျိုး မေးတတ် ကြတယ် ဆိုတာပါပဲ။

ဒီနေရာမှာ ရယ်ရမလို ငိုရမလို ဖြစ်တာက သူတို့နဲ့ သင့်ပါတယ်၊ ကောင်းပါတယ် ဟောလိုက်လို့ကတော့ မျက်နှာကြီးတွေက ဟယ် အိုရချေသေးရဲ့ ဆိုတဲ့ ကြံသကာအပြုံးတွေ ဝေလို့။ မတော်လို့များ ဟာ .. ခင်ဗျားနဲ့ လုံးဝ မသင့်ဘူး၊ ယူလို့ကတော့ စလယ်ဝင် ဖင်မမည်းခင် မဟုတ်ဘူး၊ ခြင်ထောင်တောင် ကြိုးချည်ဖြစ်မယ် မဟုတ်ဘူး ကွဲမှာလို့ ပြောချလိုက်ရင် ကောင်မလေးတွေ၊ အထူးသဖြင့် အပျိုကြီးတွေခမျာ ကြက်နာကျသလို မှိုင်ကျ သွားပါတယ်။ ဒါတောင် လက်မလျှော့သေးပါဘူး။ ယတြာ ချေရင် ရတယ်မှလား ဆိုပြီး ဗေဒင်ဆရာကို ဂဠုန် ဆားချက် ခိုင်းပါသေးတယ်။

အမှန်ကတော့ဗျာ။ ကိုယ်ကြိုက်လို့ ကိုယ်လိုက်ခဲ့ပြီပဲ။ ငရဲဆိုလည်း သွားနိုင်ရမှာပေါ့။ ဗေဒင်အရ မတည့်ဘူး၊ မသင့်ဘူး ဘာညာ ထောက်ခံစာ သွားတောင်းစရာ မလိုပါဘူး။ မတည့်ဘူး မသင့်ဘူးဟေ့ ဟောလိုက်ရင် ဘာလုပ်မှာလဲ။ ယတြာတွေ ပစ်စလတ်ခတ် ချေပစ်လိုက်မှာလား၊ ချေလို့ရော ချစ်ခရီးလမ်းက နိုင်လွန် ကတ္ထရာ ဖြစ်သွားမှာတဲ့လား။ မထင်ပါဘူး။ ချစ်သူကိုရော လမ်းခွဲမှာတဲ့လား။ မလုပ်ပါနဲ့။ တကယ်တမ်းသာ ပေပေါ် အတင်ခံနိုင်တဲ့ အချစ်စစ်ဆိုရင် ကံကြမ္မာက ဘယ်ပြန်ညာပြန် ထုနှက်ရင်တောင် ဖြုံမှာ မဟုတ်ပါဘူး။ ဝေးကာမှ ဝေးရော ကိုယ့်နှလုံးသားနဲ့ကိုယ် စတေးခံရဲကြမှာပါ။

အဲသလို ပြောလိုက်လို့ နှလုံးသား ဗလာကောင်ကြီးလို့ ပြောရင်လည်း ခံရမှာပါပဲ။ ကိုယ်ရေးကိုယ်တာ အထုပ်ဖြေရရင် ကျွန်တော့်မှာလည်း ချစ်သူ ရှိပါတယ်၊ ဇာတာချင်း ဘယ်လို တိုက်တိုက် မကိုက်ညီတာ များပါတယ်။ ဒါ့ကြောင့်လည်း အဆင်မပြေမှုတွေ၊ အခက်အခဲတွေ ကြားကနေ သူ့လက်ကလေးကို မနည်း ဆုပ်ကိုင် အားတင်းခဲ့ရတာပါ။ ဒီနေရာမှာ ဆရာ့ဆရာတွေ သြဝါဒအရ ဇာတာ မကိုက်ရင် ခပ်ဝေးဝေးနေ ဆိုတဲ့ အတိုင်း တစ်ယောက် တစ်မြေစီ ဝေးကွာနေတဲ့အခါကျတော့ အလိုအလျောက် ယတြာချေသလို ဖြစ်သွား စေခဲ့ပါတယ်။ မေတ္တာပို့တာက လွဲရင်လည်း တခြား ဘာယတြာမှ မလုပ်ဖြစ်ပါဘူး။ လုပ်ဖို့လည်း (ဘယ်လောက်သိထား၊ တတ်ထားပါစေ) မလုပ်ပါဘူး။

ဒါ့ကြောင့်လည်း မိတ်ဆွေတို့အနေနဲ့ ကိုယ့်မှာ ချစ်သူ (အမှန်အကန် ရင်ခုန်သံ မြန်စေသူ)နဲ့ လက်တွဲကြပြီ ဆိုရင် ဗေဒင်ဆရာဆီ ပြေး၊ ဇာတာချင်း တိုက်ဆိုင်တာထက် ကိုယ့်နှလုံးသားကို ကိုယ်တိုင် ဇာတာဖွဲ့ပြီး စစ်ဆေး သင့်ပါတယ်လို့ အကြံပြုပါတယ်။ ငါဘယ်လောက် သူ့ကို ချစ်သလဲ၊ ဘယ်လောက်ထိ သစ္စာ တည်နိုင်မလဲ၊ ဘယ်အချိန်ထိ အတူ ရှင်သန်ကြမလဲ မေးခွန်းတွေ မညှာမတာ ထုတ်ကြပါ၊ သတ္တိရှိရှိ မေးခွန်းတွေ နောက်မှာ ကြည်လင် ပြတ်သားတဲ့ အဖြေတစ်ခု ထွက်လာရင် ဘယ်လိုပဲ ဇာတာ မကိုက်ပါစေ၊ နေ့နံ မသင့်ပါစေ တွဲလက်တွေ မလွှတ်တမ်း ဆုပ်ကိုင်သွားပါလို့ ပြောပါရစေ။ ဝေးကာမှ ဝေးရောဗျာ။ ဘဝမှာ တကယ်ချစ်ဖူးသူနဲ့ ဆုံခဲ့ရတယ် ဆိုတာ ဆုလာဘ်တစ်ခုပဲ မဟုတ်လား။

တကယ်လို့များ ကျွန်တော်၊ ကျွန်မကဖြင့် သူ့ကို အမှန်အကန် ချစ်မြတ်နိုးပါတယ်၊ ဒါပေမယ့် သူက စပြီး ခွဲခွာသွားမှာ စိုးရိမ်လို့ပါ ဆိုပြီး စိတ်ထဲ မသိုးမသန့် ဖြစ်၊ အစွဲအလန်းကြီးနေဦးမယ် ဆိုရင်တော့ မြန်မာ့ရိုးရာ ဗေဒင်ပညာက ချစ်သူတွေအတွက် ခိုင်မြဲစေသော ယတြာနည်းစနစ်တွေကို လုပ်သွားနိုင်ပါတယ်။ မြန်မာ့ လက်ဆန်းဗေဒင်အရ အချစ်ရေးကို တနင်္လာက စိုးမိုးပါတယ်။ တခြား မိတ်ဓာတ်တွေ၊ အမည် အရင်းအဖျား တွေလည်း သုံးသပ်ကြတာပေါ့။ တနင်္လာဂြိုဟ် အနေအထား မကောင်းလို့ စိတ်နှလုံး ညိုးချူံး ရတာ၊ ကြေကွဲရတာတွေ ရှိသလို တနင်္လာ အနေကောင်းလွန်းလို့ တစ်ပင်မက သုံးပင်အထိ  ပတ်လိမ် နိုင်တဲ့ စန်းပွင့်လွန်းများ ကိုလည်း မြင်ခဲ့ဖူးပါရဲ့။

ဒီတော့ တနင်္လာ အားကောင်းစေတဲ့ ယတြာအဖြစ် ငှက်ကလေးတွေ လွှတ်ပေးတာ၊ ငှက်တွေကို အစာ ကျွေးတာ၊ ခွေးလေးတွေကို အစာကျွေးတာ ပုံမှန် လုပ်သွားနိုင်ပါတယ်၊ ငါးလေးတွေ ဇီဝိတဒါနအဖြစ် ရေအရှင် (မြစ်၊ချောင်း) တွေမှာ လွှတ်ပေးနိုင်ပါတယ်။ သတ္တဝါလေးတွေ အဆင်ပြေ၊ ဘေးရန်ကင်းသလို ကိုယ့်ချစ်ခရီးလမ်းလည်း ပန်းရနံ့သင်းပါစေလို့ ကိုယ့်နည်းကိုယ့်ဟန် ဆုတောင်းနိုင်ပါတယ်။ ဒီထက် နည်းနည်း အလုပ်ရှုပ် ခံ နိုင်ရင်တော့ ချစ်သူနဲ့ မိမိနံ နှစ်နံရဲ့ အညွှန့်နံ ပန်းခက်အညွှန့်တွေကို နေ့နံထောင့် နှစ်ခုမှာ လှူဒါန်း ပူဇော်နိုင်ပါတယ်။

အညွှန့်ဆိုတာက တခြားမဟုတ်ပါဘူး၊ ကိုယ့်မွေးနေ့ရဲ့ နောက်တစ်နေ့ဟာ အညွှန့်ပါပဲ၊ ဥပမာ တနင်္လာ သားသမီး ဆိုရင် သူ့ရဲ့ အညွန့်က အင်္ဂါပဲ ဖြစ်ပါတယ်။ ဒီတော့ တနင်္လာသားနဲ့ ကြာသပတေးသမီးက ချစ်သူတွေ ဆိုရင် တနင်္လာရဲ့ အညွှန့် အင်္ဂါနံ ပန်းနဲ့ ကြာသပတေးရဲ့ အညွန့် သောကြာနံ ပန်းတွေကို အတူ ပူးတွဲပြီး နေ့နံထောင့်တွေ အသီးသီးမှာ လှူဒါန်း ဆုတောင်းနိုင်ပါတယ်။ ဘယ်နေ့ ဘယ်အချိန်မှာ သွားလှူ ရမလဲ မမေးနဲ့ အားတဲ့ အချိန် အားတဲ့ရက်သာ သွားလှူပါ။ မကြာခဏလည်း လှူပါ။ ဓာတ်ထိလေ ကောင်းလေ ပေါ့ဗျာ။

နောက်ဆုံးပိတ်အနေနဲ့ ချစ်သူကို ရိုးမြေကျသာမက နောင်ဘဝတွေအထိပါ အစွဲအလန်းကြီးစွာ ပေါင်းဖက် လိုသူများအတွက် မြန်မာ့ရိုးရာ ဗေဒင်နဲ့နက္ခတ်က ဘဝ ဆက်တိုင်းဆက်တိုင်း ပေါင်းဖက်ချင်လျှင် ဆိုတဲ့ ဆောင်းပါးကို ထပ်ဆင့် လမ်းညွှန်လိုက်ပါတယ်။ ကျကျနန ဖတ်ပြီး တစ်သက်စာမက သံသာလေ ကမ်းတိုင် အထိ အတူတူ ကူးဖြတ်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။


Share/Bookmark

Read More...

Monday, March 5, 2012

၁၂ နှစ်အကြာက တောက်တယ်ကျင်း

မသွားမီက ရောက်နှင့်သည်၊ မသင်မီက တတ်နှင့်သူ၊ လမ်းမဟုတ်တဲ့လမ်း ...အစရှိတဲ့ စကားစုလေးတွေကို ကျွန်တော်တို့တွေ ဖတ်ဖူး မြင်ဖူးကြမှာပါ။ အထူးသဖြင့် ဆရာကြီးမင်းသိင်္ခ၊ တာရာမင်းဝေ၊ မင်းခိုက်စိုးစန် တို့ရဲ့ စာပေ လက်ရာတွေမှာ သွယ်ဝိုက်သောအားဖြင့် ဖြစ်စေ၊ ဒဲ့ဒိုး တိုက်ရိုက် ဖြစ်စေ မြင်တွေ့ခဲ့ဖူးမယ် လို့လည်း ယူဆပါတယ်။

ဒါဆိုရင် ဒီစာပိုဒ်လေးကို တစ်ချက်လောက် စေ့စေ့စပ်စပ်လေး ဖတ်ရှုကြည့်ပါဦး။

နားနေခိုက်တွင် အလုပ်လုပ်ပါ။
အလုပ်လုပ်ခိုက်တွင် နားနေပါ။
အနံ့အရသာ မဲ့သော အရာများတွင် အရသာခံပါ။
ငယ်သည်ကို ကြီး၏ဟု မှတ်ယူပါ။
နည်းသည်ကို များသည်ဟု မှတ်ယူပါ။
အမျက်ဒေါသကို ကောင်းမွန်ခြင်းဖြင့် တုံ့ပြန်ပါ။
ပညာရှိသည် လွယ်ကူသော အရာ၌ပင် အခက်အခဲကို
ရှုမြင်တတ်သည် ဖြစ်သောကြောင့် သူ့တွင် အခက်အခဲ ဟူ၍ မရှိတော့ချေ။


ကျင့်စဉ်တော် အမှတ် ၆၃
(အစဉ်တွေးကြံခြင်းမှ)
......................................................................................................................................

မရောက်တာ ကြာပြီ ဖြစ်တဲ့ ရန်ကုန်မြို့လယ်ခေါင်က စာအုပ်တိုက်တွေဆီ ခြေဦးလှည့်ရင်း ကျွန်တော် ၁၂ နှစ်လောက် ရှာဖွေခဲ့ရတဲ့ စာအုပ်တစ်အုပ်ကို မထင်မှတ်ဘဲ တွေ့လိုက်ရပါတယ်။ စာအုပ် တန်ဖိုးက များတယ်လို့ ဆိုနိုင်ပေမယ့် ကိုယ် အသည်းအသန် လိုက်ခဲ့ရတဲ့ စာအုပ် ဖြစ်နေတော့ မတွန့်မတိုဘဲ ဝယ် လိုက်ပါတယ်။

စာအုပ်နာမည်က (စေ့ထားသော တံခါးများ) ဖြစ်ပြီး စာရေးသူက (သက်လုံ) ဖြစ်ပါတယ်။ ဆရာသက်လုံဟာ စိတ်တန်ခိုးတွေ၊ ဂန္ဓာရီပညာတွေနဲ့ ပတ်သက်ရင် ရေးသမျှ စာအုပ်တိုင်းမှာ ထိထိမိမိနဲ့ သိမ်သိမ်မွေ့မွေ့လေး တင်ပြသွားလေ့ ရှိသလို တခြား ကလောင် (ကြပ်ကလေး) နာမည်နဲ့လည်း အောင်မြင်တဲ့ ဟာသ စာရေးဆရာ တစ်ဦး အဖြစ် မှတ်တိုင်စိုက်နိုင်ခဲ့သူ ဖြစ်ပါတယ်။

ရှာခဲ့တုန်းက မတွေ့ဘဲ မရှာတော့မှ တွေ့ရတဲ့ ဒီစာအုပ်ကို လှန်လှောကြည့်ရင်း တောက်တယ်ကျင်း လို့ အသံထွက် ရွတ်မိပါတယ်။ ရင်ထဲမှာလည်း လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားရအောင်ကို ပီတိတွေ ဖြာမိပါတယ်။ ပျော်တယ် ဆိုတာထက် အများကြီး ပိုပါတယ်။ တတိယအကြိမ် ပြန်ပုံနှိပ်ပေးတဲ့ ထုတ်ဝေသူကိုလည်း ကျေးဇူးတင်ရမှာပါ။ ကျေးဇူးပါ။

တောက်တယ်ကျင်း ဆိုတာ တရုတ်လူမျိုးတွေရဲ့ ရှေးဟောင်းကျမ်းကြီး တစ်ဆူ ဖြစ်ပြီး ဆောက်တည်ရေး ကျင့်စဉ်တော်ကျမ်းလို့ မြန်မာမှု ပြုပါတယ်၊ မူရင်းပြုစုရေးသားသူဟာ လောက်ဇူ ဆိုတဲ့ တရုတ်ပညာရှိ ဖြစ်ပါတယ်၊ ဒါပေမယ့် လောက်ဇူ ဆိုတာ ပညာရှင်အဘိုးအို ဆိုတဲ့ အဓိပ္ပါယ်သာ ဖြစ်တဲ့အတွက် ဒီကျမ်းဟာ တစ်ဦး တစ်ယောက်တည်းက ရေးတာ မဟုတ်ဘဲ လောကအမှန်တရားတွေကို သိမြင်ပေါက်မြောက်ထားတဲ့ အစဉ်းသိ သူတော်စင်တွေက စုပေါင်း ရေးသားထားတာ ဖြစ်တယ်လို့ အနောက်တိုင်းသုတေသီတွေက ကောက်ချက် ဆွဲပါတယ်။ ဒီကျမ်းဟာ ခရစ်တော် မပေါ်ခင် နှစ် ၂ဝဝ-၃ဝဝ လောက်က ပေါ်ခဲ့ပြီး တစ်ချို့ ကတော့ တရုတ်ပြည်ကို ဗုဒ္ဓဘာသာ မရောက်ခင်တည်းက ရှိနှင့်ခဲ့တယ်လို့ ဆိုကြပါတယ်။

ဒုက္ခရောက်ခြင်းတွင် ပျော်ရွှင်မှုသည်
ဘေးနားကပ် တည်နေ၏
ပျော်ရွှင်မှုတွင် ဒုက္ခရောက်ခြင်းသည်
အနားတွင် ရှိနေသည်။
အဆုံးသတ်ကို မည်သူသည် သိနိုင်ပါအံ့နည်း။
ထို့ကြောင့် ပညာရှိကား လေးထောင့်ကွက်သည်
မိမိ၏ ထောင့်စွန်းများဖြင့် မည်သူ့ကိုမျှ မဖြတ်တောက်သကဲ့သို့ လည်းကောင်း၊

ထောင့်ချွန်းသည် မိမိ၏ ထောင့်ဖြင့်
မည်သူ့ကိုမျှ မစူးမရှစေသကဲ့သို့ လည်းကောင်း
ကိုယ်နှိုက်က ဖြောင့်မတ်သော်လည်း
မဖြောင့်မတ်သူကို သည်းခံ၏။ ကိုယ်နှိုက်က တောက်ပြောင်သော်လည်း တစ်ပါးသူကို မျက်စိ
မကျိန်းစေပါ။

ကျင့်စဉ်တော် အမှတ် ၅၈
(လိုက်လျောညီထွေမှ)
......................................................................................................................................

တောက်တယ်ကျင်းကို ဖတ်မယ်ဆိုရင် အကြံပြုချင်တာက ဈင်ဗုဒ္ဓဘာသာဆိုင်ရာ စာပေတွေကိုလည်း တစ်ဖက်ကနေ လေ့လာစူးစမ်းကြည့်သင့်ပါတယ်။ ဒါမှ ဘာကို ဆိုလိုတယ် ၊ ဘာကို ညွှန်ပြနေတယ်ဆိုတာ ရေးရေးလေး သဘောပေါက်နိုင်မှာပါ။ ဒါက ကျွန်တော့် အယူအဆပါ။ ဈင်ဗုဒ္ဓဘာသာ ဆိုလို့ သမထလမ်း၊ ဈာန်လမ်းတွေနဲ့ ဝါးလုံးချေးသုတ်ပြီး မရမ်းကြပါနဲ့ဦး။ ဒီနေရာမှာ ဘာသာ အယူဝါဒ အကြောင်း မငြင်းခုံလို ပါဘူး။ ခုနက စကားကို ပြန်ဆက်ရရင် တရုတ်ကြီးတွေဆီက တောက်တယ်ကျင်းကို ဆွဲယူကြည့် သလို အိန္ဒိယ သားတွေရဲ့ ကမ္မယောဂကိုလည်း မြည်းစမ်းကြည့်မယ် ၊ ဆရာပါရဂူ ရေးသားခဲ့ဖူးတဲ့ နာမည်ကျော် သိဒ္ဓတ္တနဲ့ စိတြလေခါ စာအုပ်တွေကိုလည်း အကြိမ်ကြိမ် ပြန်ဖတ်ကြည့်မယ် ဆိုရင် ရွံ့နွံတွေ ကြားက ကြာပွင့် အလွှာကို ထိတွေ့စမ်းသပ် မိနိုင်ကြမယ်လို့ ယုံကြည်မိပါတယ်။

တကယ်လို့များ တောက်တယ်ကျင်း (စေ့ထားသောတံခါးများ) ကို ဆွဲလှပ်ဖွင့်ကြည့်ဖို့ စိတ်ကူးမိပြီ ဆိုရင် ဆရာမြင့်မိုးအောင်ရဲ့ ဟောဒီ (ငါး) ကဗျာလေးကိုလည်း အရင် ကြိုဖတ်ပြီး လမ်းစဉ်တော်အတိုင်း လျှောက် နိုင်ပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။
ငါး

ငါးအသေကောင် လိုချင်ရင်
ဈေးမှာ ၀ယ်ပါ

ကြောက်လန့်နေတဲ့ ငါးတစ်ကောင် လိုချင်ရင်
ပိုက်ကွန်တွေနဲ့ ဖမ်းပါ

ဒဏ်ရာ ရနေတဲ့ ငါးတစ်ကောင် လိုချင်ရင်
ငါးမျှားချိတ်မှာ အစာ တပ်ပြီး မျှားပါ

အရုပ်နဲ့ တူတဲ့ ငါးတစ်ကောင် လိုချင်ရင်
မှန်တွေနဲ့ လုပ်ထားတဲ့ ရေကန်အတုထဲမှာ မွေးပါ

ငါးအစစ် တစ်ကောင် လိုချင်ရင်တော့
ကျောက်ဆောင်တစ်ခုလို ရပ်နေပါ

ရင်ဘတ်ကို ဖွင့်ထားပါ
လမ်းမှားလာတဲ့ ငါးအစစ်တစ်ကောင်က
မင်းရဲ့ နှလုံးသားကိုတောင်
ဝင်ပြီး တိုးခွေ့သွားလိမ့်မှာ

အသက်ရှူသံတွေနဲ့
ရေလှိုင်းတွေကို ဖန်ဆင်းလိုက်တဲ့အခါ
ပျော်ရွှင်စွာ ကစားနေမယ့်
ငါးအစစ်တစ်ကောင်ကို ရရှိမှာ

မင်းရဲ့ လက်ချောင်းတွေနဲ့ သူ့ကို
ဖမ်းဖို့ မကြိုးစားတဲ့အထိသာ။


Share/Bookmark

Read More...

Saturday, February 11, 2012

အိုင်ထဲမြရွှေငွေ ဆိုသည်မှာ

ကိုယ်တိုင် အလုပ်ထဲ ကျွံကျနစ်ဝင်နေတဲ့အတွက် ဗေဒင်အကြောင်းအရာတွေကို ကျောဘက် ခေါက်ထားခဲ့တာ ကြာပါပြီ။ စာမရေးသားဖြစ်တဲ့ အချိန်တွေမှာ ရှားရှားပါးပါး ရေးသား ပေးပို့ထားတဲ့ တန်ဖိုးရှိ ဆောင်းပါး တစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ သာမန် စာဖတ်သူတွေအနေနဲ့ ခေါင်းကုပ် နားဝေစရာ ဖြစ်သွားနိုင်ပေမယ့် လက်ဆန်းဗေဒင်ကို နက်နက်ကလေး နှိုက်ထားသူအဖို့ ထူးခြားတဲ့ အသိတစ်ခုကို ထွန်းညှိပေး ပါလိမ့်မယ်။ ဆောင်းပါး ပေးပို့တဲ့ ဆရာဇေယျာမောင်ကို ကျေးဇူးအထူး တင်ရှိပါတယ်။

မြန်မာ့ရိုးရာလက်ဆန်းဗေဒင်ပညာရှင်တို့သည် အင်္ဂ၀ိဇ္ဇာပညာရပ်ကို သင်ယူလေ့လာကြရသည်။ အင်္ဂ၀ိဇ္ဇာ ကျမ်းပေါင်းများစွာ ရှိသော်လည်း မ,တလုံးကြေဆရာတော် ခင်ကြီးဖျော်၏ အင်္ဂ၀ိဇ္ဇာကျမ်းရင်းကြီးက ပင်စည်ကျမ်း ဖြစ်ပြီး အခြားသော အင်္ဂ၀ိဇ္ဇာကျမ်းများက ပင်စည်ကို ဝေေ၀ဆာဆာဖြစ်အောင် ချဲ့ထွင် ဖွင့်ဆိုထားသော ကိုင်းခွဲကိုင်းလက်ကျမ်းများသာ ဖြစ်သည်။ အင်္ဂ၀ိဇ္ဇာကျမ်းရင်းတွင် လကာင်္(၄၀) ရှိပြီး မြန်မာ၊ ပါဠိ၊ ဗေဒင် ဝေါဟာရများဖြင့် ပေါင်းစပ်ဖွဲ့ ဆိုထားသည်ကို တွေ့ရသည်။

လကာင်္အမှတ် (၂) နှင့် (၃)တွင် အင်္ဂ၀ိဇ္ဇာတိုင်များ ဖွဲ့ စည်း တည်ဆောက်ပုံကို ဖွဲ့ဆို သီကုံးထားသည်။ (၂) အိုင်ထဲမြရွှေငွေ ၊ ကြံပါလူ့အသွေ ၊ ဆင်ရန်သူနဲ့ဝေး ၊လေသဲကျွန်း ဆောင်မြူး၊ ပျော်ကြူးဧလှည့်နိုင်၊ သာလှိုင် ဆင်ကြလန်း ၊နန်းအောင်ရွှေမြို့စံ ။ လကာင်္အမှတ်(၂)သည် ဖွဲ့စည်းပုံ အပြည့် ၅တိုင် ဖြစ်ပြီး ဂဏန်းဖြင့် ဖလှယ်လိုက်ပါက အောက်ပါအတိုင်း ဖြစ်သွားပေလိမ့်မည်။

အိုင်ထဲမြရွှေငွေ (၁ ၀ ၅ ၄ ၂) ဤနေရာတွင် ၄သည် ရာဟုဖြစ်သည်။

ကြံပါလူ့အသွေ (၂ ၅ ၄ ၁ ၆) ဤနေရာတွင် ၄သည် ဗုဒ္ဓဟူး ဖြစ်သည်။

ဆင်ရန်သူနဲ့ဝေး (၃ ၄ ၆ ၀ ၄) ဤနေရာတွင် ပထမ ၄သည် ရာဟု၊ ဒုတိယ ၄သည် ဗုဒ္ဓဟူး ဖြစ်သည်။

လေသဲကျွန်းဆောင်မြူး (၄ ၆ ၂ ၃ ၅) ဤနေရာတွင် ၄သည်ဗုဒ္ဓဟူး ဖြစ်သည်။

ပျော်ကြူးဧလှည့်နိုင် (၅ ၂ ၁ ၄ ၀) ဤနေရာတွင် ၄သည်ဗုဒ္ဓဟူး ဖြစ်သည်။

သာလှိုင်ဆင်ကြလန်း (၆ ၄ ၃ ၂ ၄) ဤနေရာတွင် ပထမ ၄သည် ဗုဒ္ဓဟူး၊ ဒုတိယ ၄သည် ရာဟု ဖြစ်သည်။

နန်းအောင်ရွှေမြို့စံ (၀ ၁ ၄ ၅ ၃) ဤနေရာတွင် ၄ သည် ရာဟု ဖြစ်သည်။

လကာင်္အမှတ် (၃) သည် အမှတ်(၂)အား မည်သို့မည်ပုံ ဖွဲ့စည်း တည်ဆောက်ထားကြောင်း ရှင်းပြထားခြင်း ဖြစ်သည်။ (၃) လိုရာဂြိုဟ်ရင်းကပ် ၊ ဓာတ်မှန်ကိုထုတ် ၊ မိတ်လည်းအုပ် ၊ဓာတ်ထုတ် မိတ်ကိုစီး၊ မိတ်ကြီး ဓာတ်ကိုမံ။ လက်ဆန်းဗေဒင် မိတ်ရန်ဓါတ်လင်္ကာ ဖြစ်သော စာခြောက်တန်းကို နားလည်မှသာ ဤဖွဲ့ စည်းပုံကို နားလည်နိုင်ပေမည်။

တနင်္ဂနွေ အိုင်ထဲမြရွှေငွေ (၁ ၀  ၅ ၄ ၂ ) ကို ဥပမာပေးပါမည်။

လိုရာဂြိုဟ်ရင်းကပ် ဆိုသည်မှာ မူလဂြိုဟ်ရင်း အိုင်(၁)

ဓါတ်မှန်ကိုထုတ် ဆိုသည်မှာ အိုင်(၁) ၏ ဓါတ်ဂြိုဟ် ဖြစ်သော ထဲ(၀) အန္တော

မိတ်လည်းအုပ် ဆိုသည်မှာ အိုင်(၁) ၏ မိတ်ဂြိုဟ် ဖြစ်သော မြ(၅)  အောင်ပ

ဓါတ်ထုတ်မိတ်ကိုစီး ဆိုသည်မှာ ထဲ(၀) ၏ မိတ်ဂြိုလ် ဖြစ်သော ရွှေ(၄) တော်ရင်း

မိတ်ကြီး ဓါတ်ကိုမံ ဆိုသည်မှာ မြ(၅) ၏ ဓါတ်ဂြိုလ် ဖြစ်သော ငွေ(၂) ဂဗ္ဘေ

စာဖတ်သူသည် လက်ဆန်းဗေဒင်နှင့် ရင်းနှီးသူ ဖြစ်ပါက ဤနေရာထိ စာများသည် အသစ်အဆန်း မဟုတ်၊ ကျမ်းရင်းပါ ရှင်းလင်းချက်များကို ပြန်လည် ရေးသားထားခြင်းသာ ဖြစ်ကြောင်း သတိထားမိပေလိမ့်မည်။

ဤဆောင်းပါး၏ ရည်ရွယ်ချက်ကို စတင်ရေးပြပါမည်။ ဖွဲ့စည်းပုံ အပြည့် ၅ တိုင်သည် လွန်စွာ ကျယ်ဝန်း နက်ရှိုင်း လှသောကြောင့် လူသာမန်များ ဥာဏ်မမှီနိုင်ဟု ဆရာတော်ခင်ကြီးဖျော် ယူဆထားပါသည်။ ထို့ကြောင့် ၅တိုင်ကို ချုပ်၍ ၃တိုင် အဖြစ် လက်တွေ့ သုံးစွဲရန် ထားခဲ့ပါသည်။ ၃တိုင်လင်္ကာမှာ အမျှကြင် (၁၅၂)၊ ခင်လှသွေ (၂၄၆)၊ စေသ၀န် (၃၆၄)၊ လွန်ကြာမြင့် (၄၂၅)၊ မင်းအီနောင် (၅၁၀)၊ သောင်စလမ်း (၆၃၄)၊ နန်းလုံးဆွေ(၀၄၃) ဖြစ်ပါသည်။

၃တိုင် ဖွဲ့စည်းပုံကို လေ့လာကြည့်လျှင် ၅တိုင် ဖွဲ့စည်းပုံ၏ ပထမ၊ တတိယ၊ ပဉ္စမ သုံးတိုင်ကို ထုတ်နှုတ် ထားကြောင်း တွေ့ ပါလိမ့်မည်။ မူလ၊ မူလ၏ မိတ်၊ မိတ်၏ ဓါတ် ဖွဲ့ စည်းပုံ ဖြစ်ပါသည်။

အဘယ်ကြောင့် ဒုတိယနှင့် စတုတ္ထကို ၅တိုင် ဖွဲ့စည်းပုံမှ ထုတ်ပစ်ခဲ့ပါသနည်း၊ ထို ဒုတိယနှင့် စတုတ္ထကို မည်သည့် နေရာတွင် သုံးရန် လမ်းညွှန်ခဲ့သနည်း။ လက်ဆန်းဗေဒင်အပေါ် ရူးသွပ်စွာ လိုက်စားသူတချို့ ကတော့ သုံးစွဲနည်းကို သိထားပါလိမ့်မည်။ မသိထားသူများအတွက် စေတနာဖြင့် သိသလောက် ရှင်းပြ ပေးပါမည်။

ကျွန်ုပ်သည် ဖွဲ့စည်းပုံ အပြည့် ၅တိုင်ကို နှစ်ပိုင်း ခွဲကြည့်ပါသည်။ ထိုအခါ ၅တိုင်သည် ၆တိုင် ဖြစ်လာ ပါသည်။ ၆တိုင် ဖြစ်လာသည့်အတွက် ၁တိုင် ပိုလာသည် မဟုတ်ပါ။ မူလဂြိုဟ်ရင်းကို နှစ်ခါပြန် အသုံးပြု ခြင်းသာ ဖြစ်ပါသည်။ အုပ်စု(က)နှင့်အုပ်စု(ခ)ဟု ဆိုပါစို့ ။ တနင်္ဂနွေ အိုင်ထဲမြရွှေငွေ (၁ ၀  ၅ ၄ ၂) ကို ဥပမာ ပေးပါမည်။ မှတ်သားရ လွယ်ကူစေရန် တစ်လုံးကျော် ကောက်ယူကြည့်ပါ။

အုပ်စု(က) ပထမ၊ တတိယ၊ ပဉ္စမ (၁ ၅ ၂ ) အိုင်မြငွေ

အမျှကြင် အစချီသည့် လကာင်္၊ ၃တိုင် ဖွဲ့စည်းပုံ ဖြစ်ပြီး အခါတိုင် ဟောပြောရာတွင် သုံးပါသည်။

အုပ်စု(ခ) ပထမ၊ ဒုတိယ၊ စတုတ္ထ (၁ ၀ ၄ ) အိုင်ထဲရွှေ

သုံးစွဲနည်း မဖော်ပြထားသော်လည်း ဆန်းဗေဒင်ပညာ၏ ၄လပိုင်း ဒသာတိုင် ခွဲခန်းတွင် သုံးပါသည်။

ကျွန်ုပ်၏ အယူအဆအရ ဒုတိယနှင့် တတိယတို့သည် အုပ်စု(က) နှင့် (ခ)အကြား သုံးစွဲပုံ မတူရခြင်း၏ အဓိက အကြောင်းတရား။ ဒုတိယသည် မူလဂြိုလ်၏ ဓါတ်ဂြိုလ် ဖြစ်သောကြောင့် ဓါတ်တို့ မည်သည် ကြာရှည်သည့် သဘော ခိုင်မြဲသည့် သဘောတို့ကြောင့် ကာလရှည်အတွက် အသုံးပြုပါသည်။ တတိယသည် မူလဂြိုလ်၏ မိတ်ဂြိုလ်သဘောကြောင့် တိုတောင်းသည့်သဘော မခိုင်မြဲသည့် သဘောကြောင့် ကာလတိုအတွက် အသုံးပြုပါသည်။

မှတ်သားရလွယ်ကူစေရန် အောက်ပါအတိုင်း ခရားဇောက်တိုင် ချသလို အလယ်ဂြိုဟ်မှ ချကြည့်ပါ။

၎ ရွှေ (စတုတ္ထ)
ဝ ထဲ (ဒုတိယ)
၁ အိုင် (ပထမ၊ ပထမ)
၅ မြ (တတိယ)
၂ ငွေ (ပဉ္စမ)

ဤဆောင်းပါးတွင် ဖွဲ့ စည်းပုံအပြည့်  ၅တိုင်ဟု ရေးသားထားသော်လည်း စာဖတ်သူများ မျက်စိလည်မည် စိုး၍ လိုရာဂြိုဟ်ရင်း ကပ်သဘောဖြင့် မူလဂြိုဟ် ၁ လုံးစီကိုသာ ဖော်ပြထားခြင်းဖြစ်ပါသည်။

လက်ဆန်းဗေဒင်ဖြင့် ဟောပြောမည်ဆိုပါက ၅တိုင် ဖွဲ့စည်းပုံကို နားလည်ရပါမည်။ ၃တိုင်စီကို အုပ်စုနှစ်ခု ခွဲ၍ တိုင်မှန် နေရာမှန် သုံးစွဲတတ်ရပါမည်။ ဓါတ်၊ မိတ်တို့၏ အပြန်အလှန် ဆွဲငင်အားပြုမှုတို့ကို ချင့်ချိန် တတ်ရပါမည်။ အင်္ဂ၀ိဇ္ဇာတွင် ဖြစ်စေ၊ ဆန်းဗေဒင်တွင် ဖြစ်စေ၊ မဟာဘုတ်တွင် ဖြစ်စေ ၅တိုင် ဖွဲ့စည်းပုံကို ထည့်သွင်း အသုံးချတတ်အောင် လေ့လာသင့်သည်ဟု အကြံပေးလိုက်ရပါသည်။
ဆရာဇေယျာမောင်


Share/Bookmark

Read More...

Thursday, January 26, 2012

စစ်နတ်ဘုရား၊ နဂါး၊ မီးလျှံ

နဂါးနှစ်ထဲ အရောက်၊ အင်္ဂါဂြိုဟ် နောက်ပြန် လည်တဲ့ ရက်ပိုင်းမှာပဲ ကျွန်တော်တို့ နေအဖွဲ့အစည်းရဲ့ သခင် တနင်္ဂနွေနေမင်းဆီက Solar Storm တွေဟာ ၂ဝဝ၃ နောက်ပိုင်းမှာ အင်အား အပြင်းဆုံးနဲ့ ကမ္ဘာကို ရိုက်ခတ်လာတာပါပဲ။ ဒီတော့ အားလုံး ပေါင်းရင် နဂါးရယ်၊ စစ်နတ်ဘုရားရယ်၊ ဒေါသအိုးကွဲ သူရိယရယ် သုံးမျိုး သုံးဆင့် ထပ်တယ်လို့ ဆိုချင်ပါတယ်။


၂ဝ၁၂ ထဲ ဝင်လာပြီဟေ့ ဆိုတာနဲ့ အားလုံး သတိတရ ဖြစ်သွားမှာက မာယာလူမျိုးတွေရဲ့ ပြက္ခဒိန်ပါပဲ။ ဆိုင်ရာပိုင်ရာ ပညာရှိတွေက ၂ဝ၁၂ ဟောကိန်းဟာ မာယာပြက္ခဒိန် အဆုံးသတ်ခြင်းသာ ဖြစ်ပြီး ကမ္ဘာ ပျက်ကိန်း မဟုတ်ဘူးလို့ ယတိပြတ် ငြင်းဆိုထားပေမယ့် နီဘီရူဆိုတဲ့ ဧရာမဂြိုဟ်ကြီး ကမ္ဘာကို ဘယ်တော့ ဝင်အောင်းမလဲ၊ ဂလက်ဆီဗဟိုကို ရောက်သွားမယ့် ကမ္ဘာကြီး ချာလပတ်ရမ်းသွားမလား ဆိုပြီး ကြံဖန် တွေးပူနေကြတုန်း။


ဒါနဲ့ ကျွန်တော်လည်း အရင် ရေးဖူးတဲ့ ကမ္ဘာဆီသို့ ဦးတည်လျက်မကြင်နာမယ့် အင်္ဂါ ဆိုတဲ့ စာစုတွေကို ပြန်လှန်လှောမိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ၂ဝ၁၂ နှစ်ဦး ဇန်နဝါရီလမှာပဲ သိဟ်ရာသီရောက် အင်္ဂါဂြိုဟ်ဟာ ၂ နှစ်ခွဲ တစ်ခါ နောက်ပြန်လည်တဲ့ ဝကြဖြစ်စဉ်ထဲ ရောက်ရှိလာတဲ့အပြင် တိုက်ဆိုင် ချင်တော့ ဒီနှစ်ဟာ တရုတ်ရာသီခွင်အရ နဂါးနှစ်လည်း ကျနေပါတယ်။ ဒါ့အပြင် ဒီတော့ ကဗျာ ဆန်ဆန် တွေးရရင် စစ်နတ်ဘုရားနဲ့ တရုတ်နဂါးတွေ မြူးတူးကြလေပြီပေါ့။


ဒါနဲ့ ပြီးပလား ဆိုတော့ မပြီးပြန်ဘူး၊ နဂါးနှစ်ထဲ အရောက်၊ အင်္ဂါဂြိုဟ် နောက်ပြန် လည်တဲ့ ရက်ပိုင်းမှာပဲ ကျွန်တော်တို့ နေအဖွဲ့အစည်းရဲ့ သခင် တနင်္ဂနွေနေမင်းဆီက Solar Storm တွေဟာ ၂ဝဝ၃ နောက်ပိုင်းမှာ အင်အား အပြင်းဆုံးနဲ့ ကမ္ဘာကို ရိုက်ခတ်လာတာပါပဲ။ ဒီတော့ အားလုံး ပေါင်းရင် နဂါးရယ်၊ စစ်နတ်ဘုရားရယ်၊ ဒေါသအိုးကွဲ သူရိယရယ် သုံးမျိုး သုံးဆင့် ထပ်တယ်လို့ ဆိုချင်ပါတယ်။


ရေနဂါးအလှည့်

ပေါက်ဖော်တွေရဲ့ ဗေဒင်အရဆိုရင် နဂါးနှစ်ဟာ ကံကြမ္မာကောင်းတွေကို ဆောင်ကျဉ်းလာတဲ့နှစ်လို့ ဆိုကြတယ်။ တရုတ်ရာသီခွင် ၁၂ ပါးမှာ တန်ခိုးအထွားဆုံး သတ္တဝါကလည်း နဂါးပဲ ဖြစ်နေတယ်။ နဂါးမှာမှ ဒီနှစ်ဟာ ၁၉၅၂ ခုနှစ်ကလို ရေဓာတ်ကျတဲ့ နဂါး၊ ရေနဂါးနှစ် ဖြစ်တယ်။ အဲဒီ ၁၉၅၂ ခုနှစ်က ဘာတွေ ဖြစ်လဲဆိုတော့ ကနေ့အထိ ယူနိုက်တက်ကင်းဒမ်းကို အုပ်စိုးနေတဲ့ အဲလီဇဘတ်ဘုရင်မကြီး စတင် နန်းစံတယ်။ အမေရိကန် ပြည်ထောင်စုက သမိုင်းတစ်လျှောက်မှာ ဖျက်အားအပြင်းဆုံး ဗုံးနှစ်လုံးကို လူသိရှင်ကြား မိတ်ဆက်ပြခဲ့တယ်။

တရုတ်လူမျိုး မိဘတွေဟာ နဂါးနှစ်မှာ သားသမီးရဖို့ အမျှော်လင့်ကြီး မျှော်လင့်လေ့ ရှိတယ်။ နဂါးနှစ်ဖွား ကလေးငယ်ဟာ လောကကြီးကို ခါးစောင်းတင်၊ ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်တယ်လို့ အယူရှိကြတာကိုး။ ရေနဂါးနှစ် ဖြစ်ခဲ့ဖူးတဲ့ အဲဒီ ၁၉၅၂ တုန်းက ကနေ့ အနောက်ကမ္ဘာကို ပမာမခန့် လုပ်တတ်တဲ့ ရုရှား ဝန်ကြီးချုပ် ဗလာတီမာပူတင်၊ စင်ကာပူကို အရှိန်မပျက် မောင်းနှင်နေတဲ့ ဝန်ကြီးချုပ် လီရှန်လွန်းတို့ကို မွေးဖွားခဲ့တယ်။

ဒါပေမယ့် နဂါးဆိုတာ ဒဏ္ဍာရီလာ လျှို့ဝှက်ဆန်းကျယ် သတ္တဝါဆိုတာ မေ့ထားလို့ မရပါဘူး။ ဒါ့ကြောင့်လည်း ပုံမှန်ထက် လွန်ကဲတဲ့ ကသောင်းကနင်း အဖြစ်အပျက်တွေကို ဖန်တီးလာနိုင်ပါတယ်။ ဥပမာ ဈေးနှုန်းတွေ ထောင်တက်တာ၊ သဘာဝဘေးတွေ ထဖြစ်တာ၊ နိုင်ငံရေးနဲ့ ယဉ်ကျေးမှု အပြောင်းအလဲကြီးတွေ ဖြစ်တာကို နဂါးက ကြိုးကိုင်ပါလိမ့်မယ်။ ယန်ဓာတ် စိုးမိုးတဲ့ သတ္တဝါမို့လို့ တည်ငြိမ်တဲ့ ကန်ရေပြင်မျိုးထက် စီးဆင်းတဲ့ မြစ်ရေသဏ္ဍာန်လည်း ဆောင်ပါတယ်။ တီထွင်ဖန်တီးမှု အသစ်အဆန်းတွေ အများကြီးလည်း ပေါ်ပေါက်မယ်လို့ တရုတ်ပညာရှိတွေက ဆိုထားပါတယ်။

ချဉ်းကပ်လာမယ့် စစ်နတ်ဘုရား

နောက်ပြန်သွားမယ့် စစ်နတ်ဘုရားအကြောင်းကို ၂ဝဝ၉၊ ဒီဇင်ဘာလတုန်းက မကြင်နာမယ့် အင်္ဂါ ဆိုပြီး သတိပေး စာစုတစ်ခု ရေးခဲ့ဖူးပါတယ်။ အဲဒီတုန်းက သတိပေးချက်အတိုင်း ဟေတီနဲ့ ချီလီမှာ သမိုင်းဝင် ငလျင်ကြီးတွေ လှုပ်ခတ်သွားတာလည်း တွေ့ခဲ့ရပါတယ်။ အဲဒီတုန်းကတော့ အင်္ဂါရပ်တည်ရာဟာ ကရကဋ် ဖြစ်ပြီး အခုရပ်တည်မှာက သိဟ်ရာသီ ဖြစ်ပါတယ်။ နောက်ပြန်သွားနေမယ့် ကာလက ဧပြီ ၁၄ ရက်အထိပါ။ အနောက်တိုင်းနက္ခတ် အခြေခံအကြောင်းအရာထဲမှာ အင်္ဂါနောက်ပြန်သွားတိုင်း စီမံကိန်း အသစ်၊ လုပ်ငန်းအသစ်တွေ မစသင့်ဘဲ ရှိရင်းစွဲအလုပ်ကိုပဲ ပြန်လှန် သုံးသပ်တာ ပိုကောင်းတယ်လို့ အကြံပြုကြပါတယ်။

စိတ်ဝင်စားစရာ ကောင်းတဲ့တစ်ချက်ကတော့ ဒီနောက်ပြန်လည်နေမယ့် အင်္ဂါ ရပ်တည်ရာ သိဟ်ရာသီဟာ ကျွန်တော်တို့ မြန်မာပြည် ဇာတာရဲ့ အရေးအကြီးဆုံး ၁ဝ တန့်အမှတ် ဖြစ်နေတာပါပဲ။ ဒါမေယ့် မိဿရာသီက ကြာသပတေးနဲ့ သမ္ဗန္ဓပြုနေတဲ့အတွက် အပြုသဘော ဆောင်တဲ့ အပြောင်းအလဲတွေ ဖြစ်လာမယ်လို့ပဲ မရဲတရဲ မျှော်လင့်မိပါတယ်။ ဧပြီလဆန်းမှာလည်း ဒီမိုကရေစီမိခင် ဒေါ်အောင်ဆန်း စုကြည်က ကြားဖြတ် ရွေးကောက်ပွဲ ဝင်မှာမို့လို့ ဝကြအင်္ဂါဟာ စိတ်ဝင်စားစရာ သိပ်ကောင်းပါတယ်။ ပညာရှိများ၊ ပညာရှင်များ၊ သုတေသီများ မျက်လုံးဒေါက်ထောက် ကြည့်သင့်တဲ့ အဖြစ်အပျက်ပါပဲ။

မုန်တိုင်းဆင်တဲ့ သူရိယ

အမေရိကန်အမျိုးသားလေကြောင်းနဲ့ အာကာသအုပ်ချုပ်ရေးအဖွဲ့ နာဆာက မကြာသေးခင်ရက်တွေကပဲ သတိပေးချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ ၂ဝဝ၃ ခုနှစ်နောက်ပိုင်း အင်အားအပြင်းဆုံး ရောင်ခြည်တွေ နေဆီကနေ ဖြာထွက်လာမယ်၊ ဒီရောင်ခြည်လှိုင်းတွေကြောင့် ဂြိုဟ်တုစနစ် ဆက်သွယ်ရေးတွေ အနှောင့်အယှက် ဖြစ်လာမယ်၊ ဝင်ရိုးစွန်းဒေသ လေကြောင်းလိုင်း အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တည်းက နေမျက်နှာပြင်ပေါ်မှာ ကြီးမားတဲ့ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့လို့ ဧရာမ မီးတောက်မီးလျှံတွေ ဖြာထွက်ခဲ့ပါတယ်။ ဒီအချက်က ဂျီပီအက်စ် စနစ်ကို ဂယက် ဖြစ်စေနိုင်ပြီးတော့ ကမ္ဘာ္ဘ့သံလိုက်လှိုင်းတွေအပေါ်လည်း ရိုက်ခတ်သွားမယ်လို့ နာဆာက ကြေငြာထားပါတယ်။

Solar Storm လိုပဲ နေပေါ်မှာ အစက်အပျောက်ကြီးတွေ ဖြစ်စေတဲ့ Sun Spot တွေအကြောင်း အရင် စာစုအဟောင်းမှာ ရေးသားခဲ့ဖူးပါတယ်။

ပြန်ပြောရရင် နေစကြာဝဠာအဖွဲ့အစည်းထဲမှာ အကြီးဆုံးအဓိက ဇာတ်ဆောင်ဖြစ်တဲ့ နေမင်းကြီးရဲ့ မျက်နှာပြင်ပေါ်မှာ ဟီလီယံ ဓာတ်ငွေ့တွေ ပေါက်ကွဲပြီး အမည်းကွက်၊ အစက်အပြောက်တွေထလာတဲ့အခါ၊ သံလိုက် မုန်တိုင်းတွေ နေမျက်နှာပြင်မှာ လှုပ်ရှားထကြွလာတဲ့အခါ ကမ္ဘာပေါ်မှာ ပြင်းထန်ဆိုးရွားတဲ့ မုန်တိုင်းတွေ၊ ငလျင်တွေ၊ သဘာဝဘေးအန္တရယ်တွေ ဖြစ်ပွားတတ်ပါတယ်တဲ့။ ဒီအယူအဆက အခုမှ ပေါ်တာ မဟုတ်ဘဲ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင်ကျော်ကတည်းက ဟိန္နူနက္ခတ်ပုရောဟိတ် တစ်ပါးဖြစ်တဲ့ ၀ရဟမိဟိရက ထုတ်ဖော် ရေးသားခဲ့ပြီး ဖြစ်ပါတယ်။

အနှစ်ချုပ် ပြန်ပြောရရင် တရုတ်တွေ အယူအဆအရ အမောက်ထောင်ပြလာမယ့် နဂါးကြီးရယ်၊ သိဟ်ရာသီမှာ ဖောက်ပြန်သွားလာမယ့် စစ်နတ်ဘုရား အင်္ဂါရယ်၊ ဆယ်စုနှစ်အတွင်းမှာ အလျှံညီးညီး တောက်လောင်ပြတဲ့ နေမင်းဆီက မီးလျှံမုန်တိုင်းတွေရယ် ဆက်စပ် စဉ်းစားလိုက်ရင် ၂ဝ၁၂ မှာ မာယာတွေ မျက်စပြစ်ပြသလို တစ်ခုခုများ ဖြစ်ပျက်လာလေမလား တွေးတောစရာပါပဲ။ အဆိုးတွေကို လိုရာ ဆွဲယူပြတယ်လို့ ဆိုချင်ဆိုပါစေ သတိဆိုတာ ပိုတယ် မရှိဘူး မဟုတ်လားဗျာ။


Share/Bookmark

Read More...

Sunday, January 1, 2012

၂ဝ၁၁ လည်ပြန်၊ ၂ဝ၁၂ ဟောကိန်း

ဒီဟောကိန်းအတိုင်းသာ ဆက်ပြီး အသက်ဝင်နေမယ် ဆိုရင် အိုဘားမားရဲ့ သမ္မတသက်တမ်း မကုန်ဆုံးခင် လာမယ့် နိုဝင်ဘာလအထိ မြန်မာပြည်ရဲ့ အံ့ဘနန်း အပြောင်းအလဲတွေကို ဆက်လက် မြင်တွေ့ရဖို့ပဲ ရှိပါတော့တယ်။

၂ဝ၁၁ မြန်မာပြည်ကို ပြန်လှည့်ကြည့်ရင် အပြောင်းအလဲ ဆိုတဲ့ စကားလုံးကို အထင်အရှား မြင်တွေ့ရမှာပါ။

တချိန်တခါက အများပြည်သူကြားထဲ ဘေးဘီကြည့်ပြီး တိုးတိုးကြိတ်ပြောရတဲ့ နိုင်ငံရေးဝေါဟာရတွေဟာ အခုတော့ ရေလဲသုံးတွေ ဖြစ်လာပါပြီ။ တချိန်က တစ်ယောက်တည်း ဆိတ်ငြိမ် အထီးကျန်နေခဲ့တဲ့ နေမင်းရဲ့သမီးတော် (ဒေါ်အောင်ဆန်းစုကြည်) ဟာ အများသူငါ မီဒီယာတွေ ရှေ့မှောက်ကို ခွန်အား အပြည့်နဲ့ ရောက်လာပါပြီ။


သတင်းစာဆရာ လူထုစိန်ဝင်းကတောင် ဂျာနယ်မျက်နှာဖုံးတွေအပေါ် နေရာယူအပြည့် ယူနေတဲ့ ဒေါ်စုကို Cover Girl အဖြစ် တင်စားခဲ့ပါသေးတယ်၊ တချိန်တုန်းက ရေးထုတ်ခဲ့သမျှ စာအုပ်တွေ အပိတ်ခံခဲ့ရတဲ့ ဟံသာဝတီ ဦးဝင်းတင်ကလည်း ထုတ်ဝေသူတွေအကြား မျက်နှာပန်းပွင့်နေတဲ့ Bestseller စာရင်းဝင် ဖြစ်နေပြန်တယ်။ ဆက်ပြောရင် စာနယ်ဇင်းသမားတွေ လေသံပေါက်လာမယ် ထင်ပါတယ်။

ဒီတော့ အတိုပဲ ချုပ်ပါမယ်။

မြစ်ဆုံဆည်စီမံကိန်း ရပ်နားထားဖို့ ဆုံးဖြတ်ခဲ့တဲ့ သမ္မတ၊ ရွေးကောက်ပွဲ ခတ်ကွင်းမှာ ပြန်ဝင်မယ့် ခွပ်ဒေါင်း ကြယ်ဖြူ၊ ဟီလာရီကလင်တန်ရဲ့ သမိုင်းဝင် ခရီးစဉ်တွေကို ပြန်တွေးကြည့်တဲ့အခါ မြန်မာပြည်မှာ ဘယ်သူမှ ဘယ်သောအခါမှ အိပ်မက်တောင် မမက်ဝံ့၊ စိတ်ကူးတောင် မယဉ်နိုင်ခဲ့လောက်တဲ့ ဖြစ်ရပ်တွေကို တွေ့ရမှာပါ။ နိုင်ငံရေးနယ်ပယ်သာမကဘဲ စီးပွားရေးကဏ္ဍမှာလည်း ထင်ရှားတဲ့ အပြောင်းအလဲတွေ ဖြစ်ပျက်ခဲ့တာ အမှန်ပါ။


ဒီလို အပြောင်းအလဲတွေ ဖြစ်ပျက်လာမယ်ဆိုတာ ဘယ်သူမှ မသိနိုင်သေးခင် အရိပ်အမြွက်မက ကြိုပြော နိုင်ခဲ့တဲ့ ဟောကိန်းတစ်ခု ရှိခဲ့ပါတယ်။

ဒါကတော့ မြန်မာ့ရိုးရာဗေဒင်နှင့် နက္ခတ်က ဆရာဇေယျာမောင်ရဲ့ အိုဘားမား အမည်ရတဲ့ ဆောင်းပါးပဲ ဖြစ်ပါတယ်။ သူ့ဆောင်းပါးက အိုဘားမားသမ္မတ သက်တမ်းမှာ ဖြစ်ပျက်လာနိုင်တဲ့ အမေရိကန် ပြည်ထောင်စု အခြေအနေကို သုံးသပ်ခန့်မှန်းထားတာ ဆိုပေမဲ့ ဆောင်းပါးရဲ့ အဆုံးမှာတော့ မြန်မာပြည် အတွက် အနာဂတ်ဟောကိန်းကို ဟောသလို ပြတ်ပြတ်သားသား ထုတ်ခဲ့ပါတယ်။

"ကျနော်ကတော့ မြန်မာဗေဒင်ဆရာပီပီ အိုဘားမားရဲ့ အောင်နိုင်ခြင်းဟာ အမြင်မှာနမိတ် အတိတ်မှာ လက်ဆောင် အသံမှာ တဘောင် ဟူတဲ့ အယူတော်မင်္ဂလာအရ မဝေးလှသော ကာလမှာ ကမ္ဘာ့ပြည်သူများ ပါးစပ်ဖျားက အာမေဋိတ်သံဖြင့် အို . . . ဘားမား ဟု ရွှေပြည်ကြီးကို အံ့ဖွယ်ဘနန်း ချီးမွမ်း သြဘာ ပေးကြတော့မည်ကို ကြိုတင် မြင်ယောင်နေမိပါတော့တယ်။"

ကျွန်တော်တို့ အခု မြင်တွေ့ခံစားနေရတဲ့ အပြောင်းအလဲကို ဒီအယူတော်မင်္ဂလာဟောကိန်းက ဟိုးနှစ်တွေ တည်းက ဖော်ပြခဲ့တာပါ။ ဒီဟောကိန်းကိုရေးသားခဲ့ချိန်က လွန်ခဲ့တဲ့ ၃ နှစ်ကျော်လောက်ကပါ။ အတိအကျ ပြောရရင်တော့ ၂ဝဝ၈၊ အောက်တိုဘာ ၂၈ ရက်နေ့ပဲ ဖြစ်ပါတယ်။

ဒီဟောကိန်းအတိုင်းသာ ဆက်ပြီး အသက်ဝင်နေမယ် ဆိုရင် အိုဘားမားရဲ့ သမ္မတသက်တမ်း မကုန်ဆုံးခင် လာမယ့် နိုဝင်ဘာလအထိ မြန်မာပြည်ရဲ့ အံ့ဘနန်း အပြောင်းအလဲတွေကို ဆက်လက် မြင်တွေ့ရဖို့ပဲ ရှိပါတော့တယ်။ မကြာခင် ဧပြီလမှာလည်း ကြားဖြတ် ရွေးကောက်ပွဲက ရှိနေ၊ ဒေါ်စုကလည်း ရွေးကောက်ပွဲ ဝင်ပြိုင်မယ် ဆိုတာကိုး။ ပြီးတော့ အိုဘားမားကလည်း နောက်ထပ် ၄ နှစ် သမ္မတသက်တမ်း ထမ်းဆောင် ရဦးမယ် ဆိုရင်တော့ မြန်မာပြည်အတွက် အတိုင်းထက် အလွန်ပဲပေါ့။ မင်္ဂလာရှိတာတွေ၊ စိတ်ချမ်းသာ စရာတွေ ဆက်ဖြစ်လာပါစေလို့လည်း ဆန္ဒပြုမိပါတယ်။

ဒါပေမဲ့ နိုဝင်ဘာလွန်လို့ အိုဘားမား သမ္မတသက်တမ်း ထပ်မတိုးနိုင်ဘဲ ရီပတ်ဘလစ်ကန်တွေဘက် အာဏာ လွှဲလိုက်ရမယ် ဆိုရင်တော့ အယူတော်မင်္ဂလာဟောကိန်းက ဘယ်လို အချိုးအကွေ့ဘက်ဆီ လှည့်သွားမယ် ဆိုတာ ရင်ခုန်ဖွယ် စဉ်းစားရတော့မှာပါ။

ပြီးခဲ့တဲ့ ၂ဝ၁၁ ကို ဘေးခေါက်ထားတော့၊ လာမယ့် ၂ဝ၁၂ မှာ ဘာဖြစ်မယ် သိချင်သူများလည်း ရှိပါလိမ့်မယ်၊ အိုဘားမားနဲ့ ကျုပ်တို့ မြန်မာ (ဘားမား) တွေနဲ့ မပတ်သက်ချင်ဘူး၊ ကျုပ်တို့ကံ ကျုပ်တို့ ဇာတာက ဘယ်လိုများ ရှိသလဲ ဆိုသူများလည်း စိတ်အဆာပြေအောင်ပေါ့။ ဟောသမှာ ဟောကိန်းတစ်ခု ရှိပါတယ်။ ဆရာအောင်ပိုင်ရဲ့ မြန်မာနိုင်ငံဇာတာနှင့် အနာဂတ်ကံကြမ္မာတဲ့။ စိတ်ဝင်စားသူများ သွားဖတ် ကြည့်နိုင်ပါတယ်။ သူ့ဟောကိန်းထဲက ကျွန်တော် စိတ်ဝင်စားတဲ့ စာပိုဒ်လေးတစ်ပိုဒ် ထုတ်ပြချင်ပါတယ်။

၂၀၁၂ ထဲမှာ…

ထကြွမှု ပုန်ကန်မှု တော်လှန်မှု သူပုန်ထမှုတွေ များများစားစား ဖြစ်ပေါ်လာမယ် ပေါက်ကွဲမှုတွေ လက်နက်စွဲကိုင်မှုတွေ သွေးထွက် သံယိုအမှုတွေ ဖြစ်ကို ဖြစ်မယ်…. (ရာဟုသဘောထိုထကြွမှုများကို ပြည်သူတွေက လုပ်ဆောင်လိမ့်မည် ကောဇာစနေမြင်နေတာဖြစ်သောကြောင့် အောက်ခြေလူတန်းစားတွေ ရာဇ၀တ်သားတွေ ကြမ်းတမ်းသော စိတ်နေစိတ်ထားရှိသူတွေ အများဆုံးပါလိမ့်မယ်) အုပ်ချုပ်သူ လူတန်းစားတွေကိုပါ အကြီးအကျယ် ထိခိုက်မယ် တားလို့ မရ ပြင်လို့ မရနိုင်ပါ ကြမ်းကြုတ်စွာ ဖြေရှင်းမှုတွေ  ပါပါလာမယ်

မြန်မာနိုင်ငံသားများလိုလားမှုများမှာ ၂၀၃၁ ကနေ ၂၀၅၁ အတွင်းမှာသာရရှိနိုင်ပါသည် သောကြာဒသာ စားတဲ့ အချိန် တနင်္ဂနွေ ဒသာစားတဲ့ အချိန် တနင်္လာဒသာစားတဲ့ အချိန် မှသာကောင်း နိုင်ပါမည်… ၂၀၃၁ ကနေ စပြီး တောက်လျှောက် ကောင်းလာပါမည်။

ဆရာဇေယျာမောင်ရဲ့ အယူတော်မင်္ဂလာ ဟောကိန်းအရ ကောင်းသော ချီးကျူးစရာ ဖြစ်သော အပြောင်းအလဲများကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပြီးပါပြီ။ ဆရာအောင်ပိုင်ရဲ့ ၂ဝ၁၂ ဟောကိန်းအတိုင်း မြန်မာပြည်မှာ ဖော်ပြပါ အဖြစ်အပျက်တွေ ပေါ်ပေါက်လာနိုင်မလား။ အချိန်ကပဲ ဟောကိန်းတွေ မှန်၊ မမှန်ကို အဆုံးအဖြတ် ပေးသွားမှာပါ။

ကျွန်တော်ကတော့ ပုထုဇဉ်ပီပီ အကောင်းတွေကို စား၊ အကောင်းစားတွေ ဝတ်၊ အလန်းစား ကံကြမ္မာ တွေကို မျှော်လင့်ရင်း ၂ဝ၁၂ ကို ဖြတ်သန်းချင်ပါတယ်။ ကောင်းသော ဟောကိန်းတွေ အသက်ဝင် ဖြစ်တည် လာပါစေသားလို့လည်း သိုးဆောင်းတွေရဲ့ နှစ်သစ်ကူးမှာ ဆုတောင်းလိုက်ရပါတယ်ဗျား။


Share/Bookmark

Read More...

Thursday, December 1, 2011

အလုပ် မလျှောက်ခင် ဒါအရင်ဖတ်

တရုတ်ပြည်က ကုမ္ပဏီတစ်ခုကတော့ လုပ်ချလိုက်ပြန်ပါပြီ။ သူ့ဆီမှာ အလုပ်လာလျှောက်တဲ့ သူတွေအနေနဲ့ ဗြိစ္ဆာရာသီဖွားနဲ့ ကန်ရာသီဖွားဆိုရင် အစတည်းက လာမလျှောက်ကြဖို့ ကြိုတင် ဆော်သြထားပါသတဲ့။

ဘာလို့လဲဆိုတော့ ဗြိစ္ဆာရာသီဖွားတွေက ဆတ်ဆတ် ထိမခံ၊ စိတ်မာန်ကြီးသူတွေ ဖြစ်တယ်၊ ကန်ရာသီဖွား ကျတော့ အင်မတန် ဝေဖန် လေကန်တယ်၊ ဒါ့ကြောင့်မို့ ဒီစရိုက်တွေ ပူးကပ်နေတဲ့ ဒီရာသီဖွားတွေအနေနဲ့ အလုပ်လာ မလျှောက်ကြပါနဲ့လို့ ကြိုပြောထားတာ ဖြစ်ပါတယ်။


တရုတ်နိုင်ငံ၊ ဝူဟန်မြို့လယ်ခေါင်က တက္ကသိုလ်တစ်ခုရဲ့ ကြော်ငြာဘုတ်မှာ လာကပ်ထားတဲ့ ဒီအလုပ် ခေါ်စာကြောင့် အွန်လိုင်းသုံးသူတွေအကြားမှာ အငြင်းပွား စောဒကတက်စရာ သတင်းကြီး ဖြစ်ခဲ့ပါတယ်။

ဒီကြော်ငြာရှင်ကတော့ အင်္ဂလိပ်စာသင်တန်းပေးတဲ့ ကုမ္ပဏီလုပ်ငန်းတစ်ခု ဖြစ်ပါတယ်။
ဒေသခံ သတင်းစာ တစ်စောင်မှာဆိုရင် ....

"ကျွန်တော်တို့ ကုမ္ပဏီက ဗြိစ္ဆာရာသီဖွားနဲ့ ကန်ရာသီဖွားကို မလိုချင်ပါဘူး၊ ဒါပေမဲ့ မိန်ရာသီနဲ့ တူရာသီဖွား တွေကိုတော့ ဦးစားပေး စဉ်းစားသွားပါမယ်" လို့ ပေါ်တင် ကြော်ငြာထားပါတယ်။

အဲဒီ အင်္ဂလိပ်ဘာာသာ စကား သင်တန်း ပေးတဲ့ ကုမ္ပဏီက တာဝန်ရှိအမျိုးသမီးတစ်ဦးက "ကျွန်မရဲ့ သုတေသန တွေ့ရှိချက်အရ ဗြိစ္ဆာရာသီဖွားတွေဟာ ကိုယ်ရေးကိုယ်တာကိစ္စတွေ သိပ် ရှေ့တန်းတင်တယ်၊ ပြီးတော့ စိတ်နောက်ကိုယ်ပါ လုပ်တတ်တယ်၊ ကန်ရာသီဖွားတွေကျတော့ အသားလွတ် ဝေဖန် ပြစ်တင်တယ်၊ အလုပ်တစ်ခုမှာလည်း ဖင်မြဲအောင် မလုပ်တတ်ဘူး" လို့ ပြောပါတယ်။


ဒါ့အပြင် ဒီရာသီဖွား နှစ်မျိုးကို အရင်တုန်းက အလုပ်ခန့်ခဲ့ရာမှာ ကြာကြာ မလုပ်ဘဲ ခဏလေးနဲ့ ထွက်စာ တင်လေ့ ရှိသလို လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း တခါမှ အကြောမတည့်ဘူးလို့ အဲဒီအမျိုးသမီးက ထပ်ပြော သွားပါတယ်။


ဒေသခံသတင်းစာမှာ ဆက်ဖော်ပြထားတဲ့ ဥပမာတစ်ခုကလည်း စိတ်ဝင်စားစရာပါ။


ကရကဋ်ရာသီဖွား ကျောင်းသူလေးတစ်ဦးဟာ လက်ထပ်မင်္ဂလာပွဲတွေ စီစဉ်ပေးတဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်ခဲ့ပါတယ်။ ဒါပေမဲ့ မကြာခင် အလုပ်ဖြုတ်ခံရပါတယ်။ အကြောင်းကတော့ ဒီလို အလုပ်မျိုးဟာ ကုမ်ရာသီနဲ့ ဗြိစ္ဆာရာသီဖွားတွေနဲ့မှ ပိုပြီး သင့်တော်တဲ့အတွက်မို့ပါတဲ့။


ရာသီဖွားတွေကို ခွဲခြားပြီး အလုပ်ခေါ်တဲ့ ကြော်ငြာတွေနဲ့ ပတ်သက်လို့ တရုတ်ပြည်က အွန်လိုင်း အသုံးပြုသူတွေ အကြားမှာ ပွက်လောရိုက်သွားပါတယ်။ အလုပ်ရှင်တွေရဲ့ မျက်နှာပြောင်တိုက် အရှက် ကင်းမဲ့ပုံကို ဝိုင်းသရော်ခဲ့ကြပါတယ်။


Twitter လို နာမည်ကျော် လူကြိုက်များတဲ့ တရုတ်ပြည်တွင်းက Weibo ဆိုဒ်မှာဆိုရင် လူငယ်တစ်ဦးက...

"ဒီမယ် ကိုယ့်လူတို့ရေ.. နောင်ဆို အလုပ်လျှောက်ရင် ကိုယ်ဘာရာသီဖွားလဲ ဆိုတာ အရင် ကြည့်ထားနော်၊ ကျုပ်ကတော့ ဗြိစ္ဆာရာသီဖွားမို့ မွေးဇာတာ ညံ့လွန်းလှတယ်ဗျာ၊ လမ်းကြားထဲမှာ ခွက်ဆွဲပြီး သွား တောင်းစားလိုက်ဦးမယ်" လို့ ခပ်နောက်နောက် လှောင်ထားပါတယ်။


ကဲ... ရာသီဖွားရောဂါ၊ ရာသီဖွားကင်ဆာ ကပ်နေသူများ (AFP) က ဒီသတင်းကို ဖတ်မိတဲ့အခါ ဘယ်လိုများ ခံစားရပါသလဲ။ ကျွန်တော်တော့ ပြုံးရာက ပြဲအောင်ကို အော်ရယ်မိလိုက်တယ်ဗျာ။


Share/Bookmark

Read More...

Tuesday, November 8, 2011

ဘာဖြစ်မှာလဲ (၁၁.၁၁.၁၁)

အဲသလို ၁၁.၁၁.၁၁ နဲ့ ပက်သက်တဲ့ ချီးမွမ်းထောပနာတွေ၊ ခြောက်လုံးလှန့်လုံးတွေ ဖတ်ရှုအပြီးမှာ တမူထူးခြားတဲ့ အယူအဆတစ်ခုကိုလည်း ဂဏန်းဗေဒင် ပညာရှိတစ်ဦးက တင်ပြထားပြန်တယ်။

(၁၁) ရက်၊ (၁၁) လ၊ (၂ဝ၁၁)၊ ဒါထက်မက ကဲပြရရင် ၁၁ နာရီ၊ ၁၁ မိနစ်တိတိဟာ ဂဏန်းသင်္ချာ ဗေဒင်ဆရာတွေအဖို့ ရင်ခုန်စရာ ကောင်းနေသလို ဂဏန်းတွေကိုမှ စိတ်ပါဝင်စားသူ ကျား၊မများ အဖို့လည်း စိတ်လှုပ်ရှားစရာ ဖြစ်နေမှာ အသေချာပါပဲ။ တစ်ကမ္ဘာလုံးမှာ တစ်တစ်တစ်တစ်နဲ့ တစ်ပြီးရင်း တစ်နေ လိုက်ကြတာ တွေ့ရပါတယ်။ တစ်ဂဏန်းတွေ ဒီလောက် ထပ်နေတော့ ဘာဖြစ်မလဲ၊ မိုးပဲ ပြိုမလား၊ မြေပဲကျွံကျမလား၊ ရေပဲ လျှံတက် လာမလား၊ ကောင်းကင် ပေါ်က ဂြိုဟ်သားတွေပဲ ခုန်ဆင်း လာမလား၊ မနက်ဖြန်ပဲ ရတနာပုံကိန်း ဆိုက်မလား၊ သန်ဘက်ခါပဲ မွဲပြာကျမလား စိတ်ကူးယဉ်စရာတော့ ကောင်းနေပါရဲ့။


အံ့ချီးမကုန် ၁၁.၁၁.၁၁


ကိုယ်က နက္ခတ်တွေ၊ ဂြိုဟ်တွေနဲ့မှ ပျော်မွေ့လေသူ ဆိုတော့ အဲဒီနေ့ သေချာ ပြောရရင် အဲဒီနာရီမိနစ်ကို ဇာတာနဲ့ ဘာနဲ့ ကျကျနန တွက်ချက်ထားလေသူ ဆြာအပေါင်းရဲ့ အပြောအဆို၊ တော်ကီတွေကို လျှောက်ဖတ် ကြည့်မိပါတယ်။ သူတို့ အဆိုအရ အဲဒီနေ့မှာ ဘာသာရေး၊ ဒဿန အတွေးအခေါ် ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်တွေ၊ ခေါင်းဆောင်ကြီးတွေ လုပ်ကြံသတ်ဖြတ်ခံရနိုင်တယ်၊ မကျေနပ်မှု၊ ပေါက်ကွဲ အုံကြွမှု၊ ဆူပူသောင်းကျန်းမှုတွေ ဖြစ်တည်လာနိုင်တယ်လို့ ကြောချမ်းဖွယ် တင်ပြ ထားပါတယ်။


ဂဏန်းဗေဒင် ပညာရှိတွေကတော့ (၁၁) ဂဏန်းဟာ အစတည်းက မာစတာဂဏန်း ဖြစ်ပြီး ရိုက်တာဝိတ်တီး တားရော့မှာ Strength နဲ့ Justice ကဒ်ကြား ဖလှယ် နှီးနွယ်မှုလည်း ဖြစ်တယ်လို့ ဆိုကြပြန်တယ်။ ပြောချင်တာက တရားမျှတမှုတွေ ရှင်သန်ထွန်းကားဖို့ ခွန်အားစွမ်းပကားတွေလည်း လိုအပ်တယ် ဆိုတာပါပဲ။ ၁ နှစ်လုံးကို ပေါင်းချလိုက်တော့ (၂) ထွက်လာတယ်။ (၂) က တားရော့မှာ သီလရှင်မကြီးပေါ့ဗျာ။ ခွန်အားဗလနဲ့ ချိန်ခွင်လျှာ ညီမျှခြင်းကို ထိုးပေးလိုက်တော့ ကိုယ့်မသိစိတ်က ပေါ်ထွက်လာတဲ့ အကြံဥာဏ်ကို လက်ခံဖို့နဲ့ ဒါကို ရဲရဲဝံ့ဝံ့ ပစ်ယုံလိုက်ဖို့ တိုက်တွန်းထားတာ ဖြစ်တယ်လို့ ဂဏန်းဗေဒ ပညာရှိတွေက ဆိုကြပါတယ်။


လွဲချက်ကယ်နာ ၁၁.၁၁.၁၁


အဲသလို ၁၁.၁၁.၁၁ နဲ့ ပက်သက်တဲ့ ချီးမွမ်းထောပနာတွေ၊ ခြောက်လုံးလှန့်လုံးတွေ ဖတ်ရှုအပြီးမှာ တမူထူးခြားတဲ့ အယူအဆတစ်ခုကိုလည်း ဂဏန်းဗေဒင် ပညာရှိတစ်ဦးက တင်ပြထားပြန်တယ်။ ရန်းဂန်း အကြိုက် အယူအဆပေါ့ဗျာ။ တခြားရှုထောင့်တစ်ဖက်က ကြည့်ရင်တော့ အဲဒီနေ့ဟာ ထူးမခြားနား သာမန်နေ့ ပါပဲလို့ အဲဒီပညာရှိက သုံးသပ်တယ်။ ကြည့်လေဗျာ။ ၁၁.၁၁.၂ဝ၁၁ ကို ရူးသလို ပေါသလိုနဲ့ ၁၁.၁၁.၁၁ ဆိုပြီး နှပ်ချထားတာ။ ၂ဝ၁၁ ကို အရူးကွက်နင်းပြီး ၁၁ ပဲ ပြထားတာ။ ၂ဝ၁၁ ထဲက ၂ဝ ကို ဖြုတ်ချ ထားရုံနဲ့ ၂ဝ၁၁ က ၁၁ ခုနှစ် ဖြစ်မသွားပါဘူး။ တကယ့်ဂဏန်းဗေဒင် စစ်စစ်မှာ ၂ဝ ကို ချန်မထားဘဲ အမှန်အကန် ၂ဝ၁၁ ကို အပြည့်အစုံ ယူပြီး တွက်ချက်ယူကြတယ်၊ သူများရူးလို့ လိုက်ပေါ နေကြတဲ့ အတိုင်း ၁၁.၁၁.၁၁ ဆိုပြီး ရမ်းမဖြီးဘူးလို့ အများနဲ့မတဲ့ ခပ်မိုက်မိုက် အယူအဆကို ဖော်ထုတ် သူတွေကိုလည်း တွေ့ရတယ်။


ကျွန်တော်ကတော့ ဘယ်ဂဏန်းတွေ ဘယ်လောက် ပူးပူး၊ ဘာကြီးတွေ ဘယ်လိုပဲ ထူးဆန်းပြပြ၊ စိတ်ဝင်တစား မျက်လုံးပြူးသွားတယ်လို့ ခပ်ရှားရှားပါ။ တစ်ခါတုန်းက ဖတ်ဖူးတဲ့ ဘာသာရေးစာအုပ် တစ်အုပ်မှာ လူတွေက ဟိုနေရာမှာ ဘယ်ကိုယ်တော်က ရေဆွမ်းပဲ ဘုန်းပေးတယ်၊ ဘယ်ပုဂ္ဂိုလ်က အာရုံနဲ့ အဘ ပင့်ပြီး ဟောတာ၊ ဘယ်ယောဂီက တန်ခိုးစွမ်းပြတာ၊ ဘယ်ဗေဒင်ဆရာက ကွက်တိဟဲ့ ဆိုတဲ့ ထူးထူးဆန်းဆန်းတွေ နောက်ကိုပဲ တကောက်ကောက် မမောမပန်း လိုက်နေကြတယ်။ သံသရာနဲ့ ယှဉ်ရင် အသေးအဖွဲလို့ မမြင်ဘဲ အထူးအဆန်းနောက်ကို အရူးအနှမ်းတွေက လိုက်နေကြတာ အင်မတန် သနားစရာ ကောင်းတယ်လို့ ဝေဖန်ပြထားတာ ဖတ်မိပါတယ်။ မိတ်ဆွေတို့ရော လူတွေ ဖန်တီးခဲ့တဲ့ အတိုင်း တစ်ဂဏန်းတွေ ပူးပြတာကို ထူးနေ ဆန်းနေတုန်းလားဗျာ။


Share/Bookmark

Read More...

Saturday, November 5, 2011

ကြယ်တာရာတွေ ပြောတဲ့ ဓာတ်စာ

ရာသီဖွားခရေဇီတွေအတွက် ဒီစာစုလေးက အဆင်သင့်၊ အသုံးတည့်မှာပါလို့ အာမခံပါတယ်။ ကိုယ့်ကိုကိုယ် ဆိတ်လား၊ နွားလား၊ ကဏန်းလား၊ ကင်းမြီးကောက်လား ဘာမှန်းညာမှန်း မသိသေး ရင်တော့ ရိုက်သတ်လို့ မကုန်နိုင်တဲ့ ရာသီဖွားဟောကိန်း ဆိုဒ်တွေမှာ တစ်ချက် လိုက်ကြည့်လိုက်ပါဗျာ။

နက္ခတ်ဗေဒင် ဆိုတာ ကျန်းမာ၊ ထီပေါက်၊ မိန်းမ နောက်ပိုးကိစ္စတွေချည်း ဟောပြောဖို့ သက်သက် မဟုတ်ပါဘူး။ ဒီလိုပဲ ငါက ဘာရာသီဖွားမို့ ဘာအရောင်လေး ဝတ်ထားတယ်၊ ဘာကျောက်ကလေး ဆောင်ထားတယ် ဆိုတဲ့ သာမညောင်ညကိစ္စတွေကို ပြောပြနေရုံ မဟုတ်ပါဘူး။ နက္ခတ်ဗေဒင်ရဲ့ လွှမ်းမိုးမှုက ရှေ့ဖြစ် နောက်ဖြစ်တွေ၊ စရိုက်ဝါသနာတွေ၊ ပေါင်းသင်းဆက်ဆံရေး၊ အာဝါဟဝိဝါဟရေးတွေ တင်မကဘဲ ကိုယ်နဲ့ ကိုက်ညီမယ့်၊ လိုက်ဖက်မယ့်၊ ဟာမိုနီ ဖြစ်မယ့် လမ်းညွှန်ချက်တွေကိုလည်း ချမှတ် ပေးတတ်ပါတယ်။


ဥပမာ ဗြိစ္ဆာတွေဆိုရင် လက်ကို နောက်ပစ်ထားပြီး သိပ်လျှို့ဝှက်တဲ့ အမူအရာမျိုးကမှ တကယ့် စတိုင် မိတယ် ဆိုတာမျိုးပါ။


လောလောဆယ် အားတုန်းလေး ဟိုဖတ်ဒီဖတ် ရှာဖွေ ဖတ်မိထားတဲ့အထဲက အိန္ဒိယက နက္ခတ် ဆရာတွေရဲ့ ဘယ်ရာသီသမားက ဘာအစားအသောက် အာဟာရနဲ့ ကိုက်ညီတယ် ဆိုတဲ့ ရွေးချယ် တင်ပြချက်တစ်ခုကို ပြောပြချင်ပါတယ်။ ဂဏန်းဗေဒင်ကို မဆိုစလောက် လေ့လာဖူးသူ အနေနဲ့ ဂဏန်းဗေဒင်နဲ့ ဓာတ်စာ ရွေးချယ်နည်းကို ကြားသိဖူးပေမဲ့ နက္ခတ်ဗေဒင်နဲ့ သင့်တော်တဲ့ အာဟာရ ရွေးချယ်ပုံကို သတိမမူ၊ မမြင်ခဲ့ဖူးပါဘူး။ မြန်မာပညာရှိတွေရဲ့ ဓာတ်စာတွက်နည်း၊ နေလဝိဇ္ဇာ ဆေးပညာ အပါအဝင် ဆေးကျမ်း၊ ဓာတ်ကျမ်း တွေကိုလည်း လူအထင်ကြီးအောင်လို့တောင် မလေ့လာ ဖူးတဲ့အတွက် မပြောတတ်ပါဘူး။



အခုတော့ အိန္ဒိယပညာရှိတွေရဲ့ ကောင်းမှုတော်နဲ့ နက္ခတ်ပညာနဲ့ နှီးနွယ်တဲ့ အာဟာရ ဓာတ်စာ သဘောကို လေ့လာခွင့် ရလိုက်ပါပြီ။ ရာသီဖွား ခရေဇီတွေအတွက် ဒီစာစုလေးက အဆင်သင့်၊ အသုံး တည့်မှာပါလို့ အာမခံပါတယ်။ ကိုယ့်ကိုကိုယ် ဆိတ်လား၊ နွားလား၊ ကဏန်းလား၊ ကင်းမြီးကောက်လား ဘာမှန်းညာမှန်း မသိသေးရင်တော့ ရိုက်သတ်လို့ မကုန်နိုင်တဲ့ ရာသီဖွားဟောကိန်း ဆိုဒ်တွေမှာ တစ်ချက် လိုက်ကြည့် လိုက်ပါဗျာ။ ကျွန်တော်ကတော့ ရာသီဖွားဆိုတာထက် စနစ်တကျ တွက်ချက် ဖွဲ့ဆိုထားတဲ့ ဇာတာခွင်ထဲက လဂ်ကိုပဲ သုံးချင်ပါတယ်။ လဂ်ပဲ ဖြစ်ဖြစ်၊ ရာသီပဲ ဖြစ်ဖြစ် သန်ရာသန်ရာ ယူကြပေါ့ဗျာ။


မိဿရာသီဖွား


ဒီရာသီဖွားတွေက ခေါင်းကိုက်၊ ခေါင်းခဲ ဆိုတဲ့ ဦးခေါင်းပြဿနာတွေ ဖြစ်လွယ်တတ်ပါတယ်။ ခန္ဓာကိုယ် ထဲမှာ ဆားဓာတ် ကျသွားတာနဲ့ တစ်ခါတည်း ခြေပစ် လက်ပစ် ခွေခေါက် သွားတတ်ပါတယ်။ ဒီတော့ သူတို့ အတွက် တရုတ်ဆီးသီး၊ ငှက်ပျောသီး၊ သဖန်းသီး၊ ပန်းဂေါ်ဖီ၊ ပဲအမျိုးမျိုး၊ သခွားသီး၊ ဖရုံသီး၊ ဆန်ညို၊ သစ်ကြားသီး၊ နွားကလေးအသားတွေ သုံးဆောင်ပေးရပါမယ်။


ပြိဿရာသီဖွား


ပြိဿတွေက သိပ်ကို စိတ်ဖိစီးလေးလံလာတာနဲ့ အားပါးတရ ပွင့်ကန် ပေါက်ကွဲတတ်ပါတယ်။ ဒါ့ကြောင့်မို့ အခွံမာသီး၊ ဥအမျိုးမျိုး၊ ပင်လယ်စာ၊ ဆလတ်ရွက် စိမ်းသုပ်၊ စတော်ဘယ်ရီသီးချဉ်နဲ့ စားတော်ပဲတွေကို သုံးဆောင် ပေးပါ။


မေထုန်ရာသီဖွား


ဒီရာသီဖွားတွေက ဘယ်လို စိတ်ညစ်၊ စိတ်ရှုပ်တာကိုမျိုးမှ ကြာကြာ လက်ခံထားသူတွေ မဟုတ်ပါဘူး။ ဒါပေမဲ့ အရက်နဲ့ မူးယစ်ဆေးတွေကို တခြား ရာသီဖွားထက် စွဲလန်းလွယ်တတ်တဲ့အတွက် ပိုသတိထား ရှောင်သင့်ပါတယ်။ ဒီအရာတွေက မေထုန်ရာသီကို ကောင်းကောင်း ဒုက္ခပေးနိုင်လို့ပါပဲ။ စားသင့် တာတွေက ရှောက်ခါးသီး၊ ကညွှတ်၊ မက်မန်း၊ ပန်းသီး၊ လိမ္မော်သီး၊ မက်မွန်သီး၊ ဆီးသီး၊ နို့၊ ထောပတ်နဲ့ ဒိန်ခဲတွေ ဖြစ်ပါတယ်။


ကရကဋ်ရာသီဖွား


ကရကဋ်တွေက အလွယ်တကူ စိတ်လှုပ်ရှားထိခိုက်လွယ်တာကြောင့် အဲဒါကို သတိထားပါ။ နောက် တစ်ခုက အလွန်အကျွံ စားသောက်တာမျိုး ရှောင်ရပါမယ်။ စပျစ်သီး၊လိမ္မော်သီး၊ ဖရဲသီး၊ ဘလူး ဘယ်ရီသီး၊ ဆလတ်ရွက်၊ တရုတ်နံနံ၊ ငါးအမျိုးမျိုးကို စားသုံးပေးပါ။


သိဟ်ရာသီဖွား


သိဟ်ရာသီ ခြင်္သေ့မျိုးတွေက အဆီအဆိမ့် နည်းတဲ့ အစားအသောက်ကိုပဲ စားသုံးသင့်ပါတယ်။ မက်မန်း၊ ဂျုံ၊ စွန်ပလွံ၊ သစ်ကြားသီး၊ စပျစ်သီးခြောက်၊ မုန်လာဥနီ၊ ရှောက်၊ သံပုရာ၊ မက်မွန်၊ သစ်တော်သီး၊ သဖန်းသီး၊ အမဲသား၊ သိုးသား၊ ပင်လယ်စာနဲ့ ကညွှတ်တွေကို သုံးဆောင်ပေးပါ။


ကန်ရာသီဖွား


ဒီရာသီသမားတွေက ထစ်ခနဲဆို စိုးရိမ်ဖို့ ပြင်နေပြီး စိုးရိမ်ပြီဆိုတာနဲ့ အစာမကြေ တန်းဖြစ်တတ်ပါတယ်။ ဂျုံကြမ်း၊ ပေါင်မုန့်၊ ဖရဲသီး၊ သခွားသီး၊ သင်္ဘောသီး၊ လိမ္မော်သီး၊ ငှက်ပျောသီး၊ ဒိန်ခဲနဲ့ ဥအမျိုးမျိုးကို စားသုံး ပေးရပါမယ်။


တူရာသီဖွား


ဒီရာသီသမားတွေအနေနဲ့ အစားအသောက် နည်းနည်း လျှော့ဖို့ အကြံပေးချင်ပါတယ်။ စားသင့်ဝါးသင့် တာတွေက စတော်ဘယ်ရီသီး၊ မုန်လာဥနီ၊ ပြောင်းဖူး၊ မုန်လာဥဝါ၊ စပျစ်သီးခြောက်၊ ဥအမျိုးမျိုး၊ ပင်လယ်စာ၊ အဆီဓာတ် နည်းတဲ့ ဒိန်ခဲ။ ဒိန်ချဉ်တွေ ဖြစ်ပါတယ်။


ဗြိစ္ဆာရာသီဖွား


ဒီရာသီဖွားတွေကတော့ စိတ်ပင်ပန်းမှုကို ရင်ဆိုင်ရတတ်သလို ကူးစက်ရောဂါတွေလည်း ဖြစ်လွယ်တာမို့ ဒိန်ချဉ်၊ ဒိန်ခဲ၊ နို့၊ ဂေါ်ဖီထုပ်၊ သစ်ကြားသီး၊ မက်မွန်သီး၊ နာနတ်သီးနဲ့ ဆီးသီးခြောက်တွေကို ဝါးတီးဖွင့် ပေးသင့်ပါတယ်။


ဓနုရာသီဖွား


တင်တွေ၊ ပေါင်လုံးတွေ ထွားကျိုင်းတတ်တဲ့ ဒီရာသီဖွားတွေအနေနဲ့ အရက်သောက်တတ်ရင် လျှော့ သောက်ပြီး အဆီဓာတ်ပါ အစားအစာတွေ လျှော့စား သင့်ပါတယ်။ ဓာတ်စာအနေနဲ့က လိမ္မော်သီး၊ ဆီးသီး၊ စတော်ဘယ်ရီ၊ အာလူး၊ ခရမ်းချဉ်၊ ယာဂု၊ ဥအမျိုးမျိုး၊ ဂျုံ၊ မလိုင်ထုတ်ပြီး နွားနို့၊ ငါးနဲ့ ဒိန်ချဉ် တွေကို စားသောက် သင့်ပါတယ်။


မကာရရာသီဖွား


ဒီရာသီဖွားတွေက ကယ်လ်ဆီယမ်ဓာတ် ကြွယ်ဝတဲ့ အစားအသောက်တွေ စားပေးရပါမယ်။ ပန်း ဂေါ်ဖီစိမ်း၊ လိမ္မော်သီး၊ သံပုရာသီး၊ ဂေါ်ဖီထုပ်၊ စားတော်ပဲ၊ အာလူး၊ ဆန်ညို၊ ယာဂု၊ ဥအမျိုးမျိုး၊ ငါး၊ ဒိန်ခဲ၊ ထောပတ်နို့နဲ့ ဒိန်ချဉ်တွေကို စားသောက်ပေးပါ။


ကုမ်ရာသီဖွား


ကုမ်တွေက သွေးပေါင်တိုးတာမျိုး ဖြစ်တတ်ပါတယ်။ မက်မွန်၊ သစ်တော်သီး၊ သံပုရာ၊ စွန်ပလွံသီး၊ ဂေါ်ဖီထုပ်၊ စတော်ဘယ်ရီ၊ ပြောင်းဖူး၊ တရုတ်နံနံ၊ ငရုတ်ကောင်း၊ မုန်လာဥ၊ ခရမ်းချဉ်၊ ပဲနီပဲဝါလေး၊ ဆန်ညို၊ ကြက်၊ တူနာငါး၊ ပုစွန်ထုပ်ကြီးတွေ စားသောက်ကြည့်ပါ။


မိန်ရာသီဖွား


နှာစေး၊ အအေးမိ၊ ဖျားနာလွယ်ပြီး ကူးစက်ရောဂါဆို ထိပ်ဆုံးက အကူးခံရတတ်သူတွေမို့ သိုးသား၊ ကြက်သား၊ ကမာ၊ ဂျုံ၊ ပဲ၊ လိမ္မော်၊ မုန်လာဥနီ၊ ဆလတ်ရွက်၊ ကြက်သွန်နီ၊ ပန်းသီး၊ စွန်ပလွံသီး၊ တရုတ် ဆီးသီး၊ စပျစ်သီး၊ ရှောက်သံပုရာ၊ မက်မွန်သီးနဲ့ ဆီးသီးခြောက်တွေကို ဓာတ်စာအဖြစ် ဝါးတီးပေးပါ။


Share/Bookmark

Read More...

Sunday, October 30, 2011

အလည်တခေါက် ၂ဝဝ၂

ဆာမူရိုင်းတွေ စကားနဲ့ ပြောရရင် ဓားနဲ့လူ တစ်ထပ်တည်း ကျသလိုမျိုး၊ သူနဲ့ကိုယ်လည်း တစ်သွေးတည်း တစ်သားတည်း ဖြစ်ခဲ့ဖူးပါရဲ့။



သုံးနေကျ မြင်းခွာပုံ ဖြန့်ကျက်နည်း

ဟုတ်ရဲ့လားကွယ် တုတ်၊ ခွက်၊ ဓား၊ ကြယ်


ဆရာတေးအေးရိပ်ဆီက လက်ဆောင် (မူရင်းတားရော့)

ဒီရက်ထဲ ဝါသနာပါတဲ့ ဗေဒင်ဘက်လည်း မလှည့်နိုင်၊ ဝါသနာ မပါ့တပါ အလုပ်တွေလည်း တန်းစီ၊ ဘေးပေါက် ကြားပေါက် အလုပ်တွေလည်း ခေါင်းပေါ်ရောက်နဲ့ လသာကုန်သွားတယ်။ စာတိုလေး တစ်ပုဒ်တောင် မရေးဖြစ်တော့ဘူး။ ဒါပေမဲ့ တလောတုန်းက ဘာစိတ်ပေါက်တယ် မသိဘူး။ မှိုနံ့တောင် ထွက်မတတ် ဖြစ်နေတဲ့ အနက်ရောင်ကတ္တီပါထုပ်လေးကို ပြန်ဆွဲထုတ်မိတယ်။ အဲဒီထဲမှာ ကျွန်တော့် ဘဝကို တခါတုန်းက ဆွဲငင်ညို့ယူဖူးတဲ့ ကဒ်ပြားလေးတွေ ရှိတယ်။ ဒီကဒ်ပြားလေး တွေမှာ လွန်ခဲ့တဲ့ (၉) နှစ်လောက်က ရေမွှေးနံ့က စွဲနေတုန်း၊ ညတိုင်းညတိုင်း ဒီကဒ်ပြားလေးတွေ ခေါင်းအုံးအောက်ထား၊ ခရီးသွားရင်လည်း တပါတည်း ဆွဲသွားလေ့ ရှိဖူးတယ်။ ဆာမူရိုင်းတွေ စကားနဲ့ ပြောရရင် ဓားနဲ့လူ တစ်ထပ်တည်း ကျသလိုမျိုး၊ သူနဲ့ကိုယ်လည်း တစ်သွေးတည်း တစ်သားတည်း ဖြစ်ခဲ့ဖူးပါရဲ့။



Share/Bookmark

Read More...